Sunday, November 1, 2009

“ ငဲ့မကြည့်သင့်တဲ့ စာမျက်နှာ”



ခေါ်သံ။

အသံလှိုင်းအပုတ်မှာ နှလုံးသားတစ်ခုဟာ လွင့်စင်ထွက်သွား။

ဟင့်အင်း။ မဟုတ်ဘူး။ဒါဟာ လှိုင်းသံ လူသံတွေကြားမှာ နားကြားလွဲတာ။
သေချာပါတယ်။ စွဲလမ်းမှုကြောင့် အကြားအာရုံ ချွတ်ယွင်းလွဲမှားနေခြင်းသာ။

သူက ကမ္ဘာတစ်ဖက်မှာလေ.... ဘယ်လို ဖြစ်နိုင်မှာလဲ။ယိုင်နဲ့သွားတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထူမတ်ဖို့ ကြိုးစားစဉ်မှာပင် ထပ်မံအော်ခေါ်လိုက်သံဟာ ရင်ဘတ်ကို အရှိန်နဲ့တိုးကာ အသက်ရှုရပ်သွားအောင် စွမ်းဆောင်ပြန်ရာ။

သူ။ သူ…. ဘယ်မှာလဲ။
နာမည်တူခေါ်သံလေးကြားရုံနဲ့ ဝိုးတဝါးအရိပ်တွေအကြား အသက်မရှုနိုင်ဘဲ ခပ်တောင့်တောင့် လိုက်ရှာနေမိပြန်။ဒါပေမယ့် တကယ်ပင် အိပ်မက်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ။

ဘုရား…. ဘုရား။
သူပါပဲ။
အရိပ်ကလေး။
မှောင်ရိပ်ကွယ် သဏ္ဍာန်လေးတစ်ခုကို မြင်ရုံနဲ့ မူးမိုက်တုန်ရီလာ။တကယ်ပါ။ သူ ရယ်လေ။ ဝေးကွာခြင်းရဲ့ ကျိန်စာကြားမှာ ရာသီပေါင်းများစွာ ခြားနေပေမယ့် ညအရိပ်မှာ လှည့်စားခံရလောက်အောင် ကျွန်မရဲ့ တွယ်တာစိတ်က မသေးဖွဲခဲ့ပါ။

ပုံရိပ်လေးကို ကြည့်ရင်းနဲ့ပင် ခြေမခိုင်တော့ဘဲ လဲပြိုတော့မလိုဖြစ်နေဆဲမှာ အရိပ်ကလေးက လာခေါ်သူနောက် လိုက့်ဖို့ ပြင်တဲ့အခါ။

နေပါဦး။ခဏလေး။ခဏလေးရယ်။
ဘယ်လို လုပ်ရမလဲ။သူနဲ့ကျွန်မဟာ တစ်မျှော်တစ်ခေါ်လှမ်းနေတာ။ ဒါပေမယ့် သူ့ခြေလှမ်းအစမှာ ဆင်ခြင်တုံတရားဟာ လွင့်စင်ပျောက်ကွယ်သွားကာ ကယောင်ကတမ်းနဲ့ ကျောက်တုံးတွေကနေ ကမျောသောပါး ခုန်ကူးမိခဲ့။

ကံကောင်းလို့ ချောက်ထဲကျပြီး မသေတာလေ။
သူငယ်ချင်းရဲ့ ကြောက်လန့်တကြားအော်သံနဲ့အတူ ဒလိမ့်ခေါက်ကွေး ဒူးထောက်လဲပြိုသွားပါတယ်။ လက်ဖဝါးနဲ့ဒူးအရေပြားတွေ ပွန်းပဲ့သွားပေမယ့် အရေးမထားနိုင်ခဲ့ပါ။ အားယူကာ မတ်မတ်ရပ်ရင်း သူ့အရိပ်ကို လိုက်ရှာမိပြန်တာ။

ဒါပေမယ့် သူက အဝေးရောက်နေပြီ။ ယောင်ယမ်းကာ အော်ခေါ်လိုက်မိပေမယ့် အသံလှိုင်းက လည်ပြွန်တစ်လျှောက်မှာတင် ပြတ်တောက် ရပ်တန့်သွား ...
သူမကြားခဲ့တာ ကံကြီးသီတာရယ်။

အနားရောက်လာရင် သူ့ကို ဘယ်လိုနှုတ်ခွန်းဆက်ရမလဲ။မျက်လုံးချင်းဆုံတော့ ဘယ်လိုရင်ဆိုင်ကြည့်ရမလဲ။ အရေးကြီးဆုံးမှာ…သေရေးရှင်ရေးအကြောင်းအရာမှာ သူ့ရဲ့ဆွဲဆောင်မှုကို ကျွန်မဘယ်လိုတွန်းလှန်ရမလဲ။
ကျွန်မသိနေတယ်။
ကျွန်မရဲ့ နှလုံးသားက သူနဲ့ဆုံရင် နည်းနည်းလေးမှ မခိုင်။ခပ်ယိုင်ယိုင်လေ။
ဟင့်အင်း။ဖြစ်နိုင်ခြေအားလုံးကို ကသောမျောပါးမေ့ထားလိုက်ရင်း ရုပ်ပျက်ဆင်းပျက် ခြေလှမ်းကာ သူ့အရိပ်ကလေးနောက်ကို အမှီလိုက်ဖို့ ကြိုးစားမိပြန်တာ။

ဒါပေမယ့် အသိတရားက လက်မခံဘဲ ကျွန်မရဲ့ ခြေလှမ်းတွေကို ဦးတည်ရာပြောင်းစေခဲ့တယ်လေ။ အပင်ရိပ်အကွယ်ကပဲ သူ့အရိပ်လေးကို ငေးတော့တဲ့။

ဟုတ်ပါတယ်။ မဖြိုဖျက်နိုင်သေးတဲ့မာနတွေကြောင့် ဆုံဆည်းဖို့ မဖြစ်နိုင်ပေဘူးပဲ။ ဒီလောက် ရှည်လျားပင်ပန်းတဲ့ခရီးကို နှလုံးခုန်သံဆူညံညံနဲ့ ကျွန်မဘယ်တော့မှ လျှောက်ဖြစ်တော့မယ် မထင်ပေမယ့် အခါခါနှိပ်စက်ခဲ့တဲ့ ကံကြမ္မာအတွက်ပဲ ရယ်ပွဲဖွဲ့ဖို့ ဖြစ်ခဲ့ပြီလေ။

သူ့ဆံနွယ်လေးကို မြင်လိုဇောနဲ့ အလျင်မြန်ဆုံး ခြေလှမ်းပေမယ့် မြေလျှိုးမိုးပျံကာ သူပျောက်ကွယ်သွားခဲ့တာ။ ကြည်ပြာရောင်အရိပ်လေးကို မျက်စိတဆုံးရှာဖွေနေဆဲမှာပင် အမြင်ကြည်လွှာဟာ ဝေမှိုင်းမှုန်ရီလာ။
ဒါပေမယ့်အနားကို သူငယ်ချင်း ရောက်လာချိန်မှာ ကျွန်မမျက်ရည်သုတ်ပြီးခဲ့ပြီ။

ဟက်ကနဲတစ်ချက်ရယ်ကာ ကိုယ့်ကိုကိုယ်ကြိုးစားပန်းစား သရော်လိုက်နိုင်ပေမယ့် သူမကို ဘယ်ကစ ရှင်းပြရမှန်းမသိပါ။

မာနတွေနဲ့ နှစ်ဦးအတူ ပြိုင်ခဲ့ကြတဲ့ နေ့ရက်တွေကိုလား။
ခွဲခွာနီးနောက်ဆုံးအချိန်မှာတောင် နောင်တကို မျက်နှာလွှဲကာ တစ်ယောက်အကြည့်ကို တစ်ယောက် အံတုခဲ့ကြတဲ့ အချိန်တွေကိုလား။

အမှန်တကယ် သူမရှိတောတဲ့အခါ ယနေ့ထက်တိုင် ဒဏ်ရာတွေ ပွင့်ဝေနေတဲ့အခါကိုလား။

ပြောပါဦး။ အနာတရကင်းတဲ့ ခွဲခွာခြင်းဆိုတာရှိသလား။
ဟင့်အင်း။ဘယ်သူက ကိုယ့်အရှုံးကို ဇာတ်ကြောင်းလှန်ချင်ပါ့မလဲ။



ဝေးကွာအခြေအနေမှာ နေသားတကျမပျော်ဝင်နိုင်လောက်အောင် ကြိုးစားနေဆဲမှာပင် လွမ်းဆွတ်ခြင်းဆိုတဲ့ သူသတ်လက်ထဲက အသက်လုပြေးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ထင်တစ်လုံးနဲ့ ရင်ထဲကခံနိုင်စွမ်းကို ပိုတွက်မိလို့ ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဆင်းရဲမှာ ဒလိမ့်ခေါက်ကွေး လဲပြိုကျဆုံးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ဆောက်တည်ရာရလိုဇောနဲ့ စာအုပ်တွေကို ဝါးစားတော့မလို ဖတ်ကာ တစ်ရွက်ပြီးတစ်ရွက်သာ လှန်သွား၊ဘာအကြောင်းအရာတွေမှန်းမသိ။ တစ်အုပ်ပြီး တစ်အုပ်သာပြီးသွား ဘာတွေဖတ်မိမှန်း မမှတ်မိ တစ်စစီဖြစ်နေတဲ့ မှတ်ဥာဏ်နဲ့အတူ ထိန်းချုပ်နိုင်စွမ်း ပြိုကွဲနေခဲ့သူမှာ ကျွန်မ ဖြစ်ပါတယ်။

ဒါတွေဟာ ရက်ရက်စက်အလဲထိုးခံလိုက်ရတဲ့ တွေ့ရှိမှုအသစ်တွေလေ။ အံကြိတ်ပြီးပဲ ပြုံးနေလိုက်ရမလား။ နာကျင်ခြင်းကို ငိုယိုပြီးပဲ ဖွင့်ဟရတော့မလား။ ကယောက်ကယက်နဲ့ သွေးပျက်ခြောက်ခြားဆဲ ဆိုးရွားတဲ့ဝေဒနာတွေဟာ လက်စမသတ်နိုင်သေးပါ။

သူဘယ်လို ယုံမလဲ။
ကျွန်မကလည်း ကြိုတင်မသိခဲ့ပါ။
သူ့ဘဝ၊ကိုယ့်ဘဝလွန်ဆွဲပွဲမှာ ချစ်ခြင်းမေတ္တာဟာ တိမ်မြုပ်သွားမယ်ထင်ခဲ့တာ။

အဲဒီတုန်းကတော့ စိတ်ချသေချာနေတဲ့ ခေါင်းမာမှုတွေနဲ့ပေါ့။သူ ထွက်သွားတဲ့နောက်မှာ တမ်းတခြင်းဆိုတဲ့ မနိုင်ဝန်ထမ်းပြီး နွမ်းချိပြိုလဲနေလိမ့်လို့ မထင်ခဲ့ဘူးလေ။ အခုတော့ အားလုံးပြီးသွားပြီလို့ ယုံကြည်ခိုက်မှာ ကံကြမ္မာရဲ့ ရက်စက်တဲ့ ကျီစားမှုနဲ့ ရင်ဆိုင်ကြုံလိုက်ရပြန်တော့...

အံ့သြစရာပဲလေ။နှလုံးသားတွေ မွမွကြေနေပြီမို့ ဒီထက်ပိုပြီး နာကျင်စရာမရှိဘူးထင်ခဲ့ပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ စကားအဆုံးမှာလည်း ထပ်မံရင်ကွဲခဲ့ပြန်တာ။

“ သူ ပြန်တုန်း တစ်ထောက်နားတာလေ။နင့်ကို ရှာနေတာပဲ။ နင်ပဲ သူ့အကြောင်းမကြားချင်ဘူး။ နင့်ကိုလည်း အဆက်သွယ်မခံနိုင်ဘူးဆို... ”

ဒါဆို ကျွန်မ သူ့ကို အမှန်တကယ် ဆုံတွေ့ခဲ့တယ်ပေါ့။ အမှန်တရားကို ငြင်းပယ်ရှောင်ပုန်းနေဆဲမှာပင် ဝမ်းသာလွန်းလို့ ငိုမိပြန်ရဲ့။ဒါပေမယ့် လျှပ်တပြက်အတွေ့မှာ ပြိုကွဲပြယ်လွင့်တော့မယ့် ဆင်ခြေတုံတရားကို လက်မတင်လေး အချိန်မီကယ်တင်နိုင်ခဲ့ပေမယ့် နောက်ထပ်တွေ့ဆုံဖို့ အင်အားမစုဆောင်းရသေးပါ။

မျက်လုံးတွေကို ထိန်းသိမ်းရတာ အပူရုပ်ကို ဟန်လုပ်ရတာ ခြေကုန်လက်ပန်းကျနေပါပြီ။ အလွမ်းတွေကို မျိုချလွန်းလို့ ကျွန်မရဲ့ထိန်းချုပ်သည်းခံနိုင်စွမ်းကိုလည်း အယုံအကြည်မရှိတော့ပါ။
ဝေးကွာလက်စနဲ့ ဒီလိုပဲ ဆက်လက်ကြေကွဲနေပါရစေ။

ရှင်သန်ရာအရိပ်ကလေးကို တစ်ဖန်ပြန်ပြီးမြင်လိုက်ရရုံနဲ့ လုံလောက်ကျေနပ်ခဲပါ့ပြီ။ သောကဆူးတွေကြားမှာ အကာအကွယ်မဲ့ ပိတ်မိနေလည်း တစ်ဘဝစာ နှစ်သိမ့်နိုင်ခဲ့ပါပြီ။ ကြယ်ကြွေရာသီရဲ့ မိုးကြိုးမုန်တိုင်းတွေအောက်မှာ ပြေးလွှားနေရလည်း တစ်သက်တာ ဆောက်တည်ရာရခဲ့ပါပြီ။

သူ့ကို လွမ်းလွန်းလို့ ရုပ်၊နာမ်အလုံးစုံ ညှိုးနွမ်းဖောက်ပြန်သွားပါစေ... ရင်နဲ့ရင်းပြီးရွေးခဲ့တဲ့ လမ်းပေါ်မှာ နှလုံးသွေးစက်လက်နဲ့ ဆက်လျှောက်ဦးမှာ ဖြစ်ပါတယ်။
မမြင်ကွယ်ရာမှာ မျက်ရည်တွေကို ပင်ပန်းဆင်းရဲကြီးစွာ သိုဝှက်သိမ်းဆည်းနေကျမို့ အရယ်အပြုံးတုကို ပြုပြင်တပ်ဆင်ရလည်း မခက်ခဲတော့ဘူးထင်ပါရဲ့။

တစ်ခါတုန်းက သူမသိခဲ့တဲ့ ကျွန်မရဲ့ ပုံရိပ်သစ်ရယ်လေ။ အသက်ဝင်တဲ့ မျက်နှာဖုံးကို ဒီဘဝမှာ မရနိုင်တော့ဘူး ဆိုလည်း ရှိပါစေ… မာနတွေကို ထမ်းပိုးကာ နောက်ဆုံးတော့ ပြုံးချင်ယောင်ဆောင်နေပါဦးမယ်။
ကျွန်မရဲ့ ကမ္ဘာမှာ ဆည်းဆာကွယ်လည်း နေပါစေ… မီးလောင်ပြင်မှာ မွန်းတည့်နေပူရှိန်ပြင်းပေမယ့် ကျွန်မက အရိပ်ခိုသူမဟုတ်ကြောင်း လူသိရှင်ကြားဖြစ်ပြီလေ။.........။



art : Pablo Picasso. (Spanish, 1881-1973). "Ma Jolie". Paris, winter 1911-12. Oil on canvas, 39 3/8 x 25 3/4" (100 x 64.5 cm). Acquired through the Lillie P. Bliss Bequest.


(ဒီစာလေးဟာ စာဖတ်သူအားလုံးအတွက် ကျွန်မရဲ့ နှုက်ဆက်စာလေးဖြစ်ပါတယ်။ စာရေးသားခြင်းကို အကန့်အသတ်မရှိနားပါဦးမယ်။ ချမ်းမြေ့ပျော်ရွှင်ပါစေ …)

မေတ္တာများဖြင့် ...
မယ်ကိုး



Thursday, October 29, 2009

သံဝေဂနဲ့ ရယ်ရယ်မောမော ...




မျက်တောင်တစ်ခတ်အတွင်း ကျရောက်လာနိုင်တဲ့ သေခြင်းတရားကို ၂၀၁၂ အထိ ဆွဲဆန့်စိတ်ကူးယဉ်နေသူထဲမှာ ကျွန်မလည်း အပါအဝင်ဖြစ်ပါတယ်။
No Doomsday in 2012: The Reason Why Science Will Not Win
ALL ABOUT 2012 ) ဘယ်လိုဆိုကြလည်း
ဒဏ်ရာတွေနဲ့ ရှင်သန်နေရခြင်းလက်က ရှောင်ပြေးချင်သူမို့ ၂၀၁၂ ဂဏန်းကို နှစ်ခြိုက်နေမိတာလည်း ခက်သားရယ်။

ဒါပေမယ့် အတွေးတွေကို စာမစီမိခဲ့ဘူး။ ချစ်မမ အိန္ဒြာ က ကမ္ဘာပျက်ခါနီး တစ်လလောက်အလိုလို့ တဂ်တော့မှ ကိုယ့်နှလုံးသားကို ကမန်းကတန်းငုံ့ကြည့်မိတဲ့အခါ ….




ဘယ်သူတွေနဲ့ရှိနေချင်လဲ...ဆိုတော့အထီးကျန်ခြင်းမှာ သိမ်မွေ့လှပစွာပေါ့။ ချစ်သောသူတွေနဲ့ အတူမရှိချင်တာက ကိုယ်က ကံနည်းသူဆိုတော့ စက်ကွင်းမလွတ်မှာစိုးလို့ပါ။


ဘာတွေခံစားနေရမလဲ...ဆိုရင် ကြယ်တစ်စင်းဖြစ်ခွင့်မရခဲ့တဲ့ အတွက် ဝမ်းနည်းချင်သားလေ။ဒါပေမယ့်လည်း ကြယ်အသစ်ဖြစ်ဖို့ အိပ်မက်နိုင်တော့မှာမို့ ဝမ်းသာနေပါလိမ့်မယ်။


ဘာတွေပြင်ဆင်ထားမလဲ...ဆိုရင် ခရီးဆောင်အိတ်ရယ်။ ကမ္ဘာပျက်ခါနီးမှာ လေယာဉ်ခတွေ ကြေးမကြီးဘူးဆိုရင် မသေခင်လေး ရောက်ဖူးချင်သေးတာ။ ဗင်းနစ်မြို့ပေါ်မှာ လှေစီးချင်ကာ ဆာဟာရကန္တာရလည်း လျှောက်ကြည့်ချင်သေးတာ။ အဲဒီအချိန်ဆို လူတွေများလို့ လွမ်းဆွတ်ဖွယ် မလှနေတော့ဘူးဆိုလည်း ပါရီလမ်းမတလျှောက် ငေးရင်း ဗင်းဆင့်ဗန်ဂိုး ရဲ့ ညခင်းကဖေးဆိုင် မျက်နှာစာလေး လိုမျိုး တွေ့လိုတွေငြား ရှာပါဦးမယ်။



ပြီးတော့ နိုင်ဂါရာရေတံခွန်နားမှာ ခဏနားလို့ နောက်ဆုံးတော့ အလှဆုံးဆိုတဲ့ အမေ့အိမ်က ငပလီမှာ ခရီးဆုံးချင်ပါတယ်။ နိဂုံးအဖြေကတော့ အဲဒီအချိန်ဆို လူသူကျဲပါးကာ ဈေးလည်း သက်သာနိုင်တဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ တည်းခိုအပန်းဖြေခွင့်ရဖို့နဲ့ ကမ်းခြေမှာ အေးအေးဆေးဆေးလေး သေဆုံး ဖို့ပေါ့။


ဝမ်းနည်းမိမှာက... ကြေကွဲခြင်းမှာ အကျွမ်းဝင်နေသူဆိုတော့ ဘယ်ဒဏ်ရာက ပိုစူးရှလည်း မစဉ်းစားချင်ပေမယ့် တကယ်သေရမယ်ဆိုရင် ကိုယ်ပုံရိပ်လွင့်ပြယ်သွားလို့လည်း ဝမ်းနည်း သတိရမယ့်သူမရှိတဲ့ ဘဝကို တွေးတိုင်းနာကျင်နေမလား။


ကြောက်လန့်မိတာကတော့ သေခါနီး သတိလေးမှ ဆောင်ထားနိုင်ပါ့မလားလို့ တွေးနေမိပေမယ့် ဆောင်ထားချင်တာလေးက ခရီးဆောင်ကွန်ပျူတာလေးပေါ့။ အဲဒီအချိန်မှာ မမမနော်ဟရီတို့ မမအိန္ဒြာတို့ ကဗျာရေးကြမယ် ဆိုရင် တိုက်ရိုက်ကြည့်နိုင်မလား လို့ရယ်ပါ။


ဘာတွေရေးမိမလဲ ဆိုရင် ပုလင်းလေး ၉၉၉ ခုထဲထည့်ဖို့ ရေစိုခံစာရွက်လေးတွေမှာ .......... ဘာရေးမှာလဲဆိုရင်...ပြောပြဘူး =) ။ တစ်ခုတစ်လေမှာ ရုပ်ပုံလွှာထည့်ရင် ကောင်းမလားလို့လည်း စဉ်းစားနေတယ်။ အသက်ရှင်ကျန်ခဲ့သူတွေကို နှိပ်စက်ချင်လို့။ :P
တွေးမိတွေးရာ အတွေးကတော့ ဒီလောကမှာ ငါမရှိလည်း ဖြစ်တာ ပိုပိုပြီး သေချာလာပါလား။


ဂုဏ်ယူချင်တာက ဆိုရင် တရားတော်ကို နာကြားခဲ့ရတဲ့အတွက် စိုးစဉ်းငယ်လေး ကျင့်ခွင့်ရတဲ့အတွက်။
ရှာကြံဖြေသိမ့်မိတာက ချစ်တဲ့သူတွေတော့ မလွင့်ပါးနိုင်လောက်ပါဘူး။


ကျူးရင့်ချင်တဲ့ ဥဒါန်းက သေမင်းဆိုတာရေ … မြန်မြန်လာကွာ … ကြာတယ်။ ( ကျွန်မရဲ့  g-talk မှာတင်ထားတဲ့ ၂၀၁၂ မှာ ဇာတ်သိမ်းပြီတဲ့လား။ အဲဒီလောက်ကြာစရာမလိုဘူးပဲ အခုချက်ချင်းဆိုလည်း ဖြစ်တယ် ဆိုတာကို အစ်ကိုရင်နော်က ထည့်ရေးဆိုလို့ version ပြောင်းပြီး ကျူးရင့်လိုက်ပါတယ် =)


ခုလို တမင်မျက်နှာလွှဲထားတဲ့ သေခြင်းကို မျက်လုံးချင်းဆုံကြည့်ဖြစ်သွားတဲ့အတွက် အထူးကျေးဇူးပါ ချစ်မမအိန္ဒြာရေ...



Tuesday, October 20, 2009

“လူသိရှင်ကြား ဟာသ”




အပြုံးဟာ စိတ္တဇနာမ်လို့ ဘယ်သူပြောလဲ။ဒီအပြုံးဟာ သက်စောင့်ဆေးဖြစ်သလို ခိုလှုံရာလည်းဖြစ်ကာ ဘဝအသစ်ကိုလည်း ဖန်တီးနိုင်တဲ့ တန်ခိုးလည်း ရှိရဲ့။
ဒီလို သေစေနိုင်တဲ့ အပြုံးနဲ့ စတင်ငြိရတာက ဂျပန်ဇာတ်ကောင် “ L ”ကြောင့်သာ။

ဘာ... ရယ်လို့ဆိုကာ မအံ့သြစေချင်ပါ။
တစ်ခုသောနေ့၊ တစ်ခုသောအချိန်၊ တစ်ခုသော လူသူပါးတဲ့ ဘူတာရုံလေးမှာ မောင်နဲ့ ကျွန်မဟာ ကံတရားဆောင်မလို့ ကြုံဆုံခဲ့ကြ။ ကျွန်မနဲ့ အတူတူလှမ်းဝင်ကာ ဘေးချင်းယှဉ်ရပ်နေတဲ့ မောင်က တကိုယ်လုံးရှုပ်ယှက်ခတ်အောင် ဆင်ယင်ထားတာမို့ မြန်မာလို့ပင် မထင်မိပါဘဲ အထူးအဆန်းအနေနဲ့ တစ်ချက်ပင် ငေးမိသေးတာ။

ဇာတ်လမ်းစတင်မိပုံက ရုံးတက်ချိန်လူများတယ်ဆိုပေမယ့် ကျွန်မမှာ မဖွင့်တဲ့တံခါးဘက်ခြမ်းမှာ ကပ်ရပ်နေမိကာ အနားမှာ လူလည်းသိပ်မရှိတာကြောင့် အားနာနာနဲ့ပဲ မီးနစ်၂၀နီးပါး ဖုန်းပြောသမျှမှာ ဂျပန်ဇာတ်လမ်း Death Note အကြောင်းသာ။

မောင် အမြင်မကြည်ခဲ့တာကို အပြစ်မဆိုသာပေမယ့် တကယ့်ကို တိုးတိုးသက်သာ စကားဆိုခဲ့တာရယ်။မောင် နားစွင့်လိုသာ နားစွန်နာဖျားကြားတာလို့ ကျွန်မ စွဲချက်တင်တော့ မောင်က ထုံးစံအတိုင်း ပြုံးလို့သာ နေခဲ့ပါတယ်။

ဆွယ်တရားဟောရတာလေ။
ကိုရီးယားကားသာ ကြည့်တဲ့ သူငယ်ချင်းကို ရတဲ့အချိန်လေးအတွင်းမှာ ဆွဲဆောင်ရတာက အဲဒီတုန်းက ရုံတင်နေတဲ့ “ L :Change the World ” ဂျပန်ကားကို ကြည့်ချင်လွန်းလို့သာ ။ဘယ်သူမှ အဖော်စပ်လို့ မရခဲ့တဲ့ ကျွန်မမှာ နောက်ဆုံးဒီသူငယ်ချင်းတစ်ယောက်ကိုပဲ ရေပက်မဝင်အောင် ဆိုရတော့တာ။


နောက်ဆုံးဘူတာရောက်ဖို့ တစ်မှတ်တိုင်အလို ကျွန်မလိုပဲ လူအားလုံးနီးပါဆင်းကြချိန်အထိ စကားလက်စမသတ်နိုင်သေးခဲ့ကျွန်မကို ကြည့်မရတော့တဲ့မောင်က အနားကပ်ကာ စကားတစ်ခွန်း ဆိုတယ်လေ။အနောက်ကလျှောက်လာတဲ့ မောင်က ဘေးချင်းယှဉ်ရပ်ကာ မထီတရီ ခေါင်းငဲ့လို့ ပြောခဲ့တာရယ်။

“ Thesis ခေါင်းစဉ်က ဘာလဲ “ L ” လား ”
“ အယ် ... ”
အံ့သြမှင်သက်သွားတဲ့ကျွန်မကို မောင်က သဘောတကျပြုံးလေရာ ကြယ်စင်လင်းကို မြင်ရသလို စိတ်နှလုံးကြည်မွေ့သွား။
ဘုရား... ဘုရား။
ဒါ အပြုံးတဲ့လား။
ဟင့်အင်း။မဟုတ်ပါဘူး။ပညာရှင်စီရင်ထားတဲ့ မှော်အတတ်ပါလေ။

အသံပြတ်တောက်သွားတာကြောင့် “ဟယ်လို ...ဟယ်လို ”လုပ်နေတဲ့ သူငယ်ချင်းကို ဥပေက္ခာပြုမိလောက်အောင် ကျွန်မမှာ မူးရီငေးကြောင်။
မောင်က “နောက်တော့ တွေ့ကြတာပေါ့ ” လို့ဆိုကာ အေးဆက်သက်သာနှုတ်ဆက်ထွက်ခွာသွားပေမယ့် ကျွန်မမှာတော့ မောင့်အရိပ်ကလေး လူတွေအကြား ဝေးကွာပျောက်ကွယ်သွားတိုင်အောင် နှလုံးခုန်သံဆူညံညံနဲ့ လှုပ်ခတ်တုန်ရီ ကျန်ရစ်ခဲ့။

နောက်တော့ မောင့်ပညတ်စကားဟာ နမိတ်အသွင်ပြောင်းလို့ ကျွန်မကို နှိပ်စက်ခဲ့တာ။
အသေအချာပေါ့။ကံဆိုးမသွားရာ လိုက်လို့ရွာတဲ့ မိုးတွေလေ။
ဘူတာရုံလေးမှာပေါ့၊ ပထမတော့ ရံဖန်ရံခါ နောက်တော့ နေ့စဉ်ရက်ဆက်။
“ Hi ” တဲ့။
မောင်နှုတ်ဆက်တတ်တာ။
ကျွန်မကို နှုတ်ဆက်တာမဟုတ်သလို မမြင်ချင်ယောင်နေရင် တဆင့်တက်လို့
“ Eru , Ohayo gozaimasu ”တဲ့။
မင်္ဂလာနံနက်ခင်းလေ L လို့ ခပ်တည်တည် နောက်တတ်တော့တဲ့အခါမှာတော့ ခေါင်းငဲ့ကာ မပြုံးဘဲ မနေနိုင်ပြန်။

ခက်တယ်။
အရိပ်မြင်ရုံနဲ့ အရောင်အလုံးစုံကိုနားလည်ခဲ့သူမို့ ကိုယ့်သေတွင်းကိုယ်မတူးမိဖို့ ကြိုးစားလို့ ရှောင်လွှဲခဲ့ပါသေးတယ်။
ဒါပေမယ့် စနစ်တကျပြင်ဆင်ကာ ရက်စက်တတ်တဲ့ ကံကြမ္မာ။
ရုံးက နေ့တစ်ဝက်မှာပြန်လာမိတဲ့ ကျွန်မ အလွန့်အလွန်အံသြစရာတိုက်ဆိုင်စွာ ရထားတစ်တွဲတည်းမှာ မောင်နဲ့ကြုံရပြန်။

မောင်ကလည်း ထိုနေ့က ရုံးမတက်ဘဲ လျှောက်သွားနေတာတဲ့လေ။
မျက်နှာချင်းဆိုင်မှာ ခုံတွေအလွတ် ကျွန်မထိုင်နေရာတစ်လျှောက်မှာလည်း ခုံတွေအလွတ်ပေမယ့် မောင်က အနားဝင်ထိုင်တော့ လာမယ့်ဘေး ဝေးဝေးရှောင်ဆိုကာ နေရာရွှေ့သွားလို့ ဘယ်ကောင်းပါ့မလဲနော်။

ဒီလိုနဲ့ ပေါက်ကွဲတော့မယ် ဗုံးတစ်လုံးဘေးမှာ ရင်တထိတ်ထိတ်နေရသူလို ဖြစ်နေဆဲ ဗျူဟာကျွမ်းကျင်တဲ့ မောင်က လှလှပပဇာတ်ခင်းသွားခဲ့တာ။ L ပုံ သော့ချိတ်လေးကို လှမ်းပေးတယ်လေ။


အယ် ....ချစ်ဖို့ကောင်းလိုက်တာ။ kawaii kawaii လို့ ရင်ထဲမှာ အခွန်းထပ်မြည်နေတာ
မောင်ဘယ်လိုကြားသွားလဲ မသိပါ။ အပြုံးချိုချိုနဲ့
“ kawaii desu ne”
ချစ်ဖို့ကောင်းတယ်နော်တဲ့။
ဟုတ်။

မရည်ရွယ်ဘဲ ခေါင်းငြိမ့်မိခဲ့ပေါ့။ နှစ်လိုဖွယ်ကောင်းလွန်းတဲ့ နည်းပညာလေးပဲနော်။ မပြုံးမရယ် တစိမ်းအသွင်ဆောင်ဖို့ ဘယ်လိုတတ်နိုင်မှာလဲကွယ်။
နောက်ဆုံးမှာ မိတ်ဆွေ တွေလေ။
ဒီလိုနဲ့ သေဒဏ်စီရင်ချက်ချသူမှာ ကိုယ်တိုင်သာ ဖြစ်ခဲ့တာ။

အားလုံးက ဝိုင်းဝန်းတားဆီးနေတဲ့ကြားက သုံးလတစ်ခါလောက် ဆံပင်အရောင်ပြောင်းတတ်သော၊ ခြောက်လတစ်ခါလောက် ဖုန်းပြောင်းကိုင်တတ်သောမောင့်ကို ရှုပ်ပွေတာ၊စိတ်အပြောင်းအလဲမြန်လှတာ သိပေမယ့်....

အပြုံး။အပြုံးတွေလေ။

ဒီအပြုံးညှို့ကွင်းက လွတ်အောင် ဘုရားရိပ်ခိုကာ တောကျောင်းမှာပဲ စံပျော်ရတော့မှာလား။
ဟင့်အင်း။လွမ်းလွန်လွန်းလို့လေ .... ကျိန်စာရဲ့ ခြေဆင်းတီးလုံးတွေမှန်း သိလည်း အဲဒီအပြုံးတွေကို တွန်းလှန်နိုင်အောင် ဘယ်သင်တန်းမှလဲ မတက်ချင်ပါ။

ထိုအပြုံးနေခြည်နဲ့မှ မနက်လင်းတယ်ထင်ကာ ဆည်းဆာကွယ်တော့ ချစ်လှစွာသောအပြုံးမီးအိမ်ကို မျက်နှာကျက်မှာ ချိတ်ဆွဲရင်း လရိပ်လို့ထင်ကာ ကိုးကွယ်ရာမှားနေသူမှာ
မောင် အဖြေတောင်းတော့ ဟန်ဆောင်ကာ ငြင်းကောင်းတယ်လို့ပင် မထင်ခဲ့။

ယ်ချင်လည်း ရယ်လိုက်ပါဦး။ သုံးရက်လောက် ဝေးရင်ပင် ရူးတော့မယ် ထင်နေခဲ့သူတစ်ဦးလည်း ဖြစ်ဖူးခဲ့လေရဲ့။
ဆိုးရွားပြင်းထန်လှတဲ့ ဝဋ်ပါကွယ် ။

ပိုလို့ အကျနာစေတာက ဒီကောင်းကင်ဟာ ကျွန်မ တစ်ဦးတည်းပိုင် မဟုတ်ဘူးလေ။ အမည်ပေါက် ကြယ်ကလေးတွေ မရေတွက်နိုင်လွန်းလို့ နာမည်အစား ID နံပါတ် မှတ်ထားရတယ်လို့ပြောတာ ကျွန်မကတော့ ရယ်စရာလို့ တကယ်မထင်ပါ။
မောင့်ရဲ့အကြောင်းဆို သုံးလသားဘဝမှစလို့ စပ်စုတိုထွာ အမှတ်ရနေတတ်သူ ကျွန်မမှာ မောင့်ချစ်သူဟောင်းတွေရဲ့ နာမည်နဲ့မျက်နှာတွေကို ယနေ့ထက်တိုင် ရောထွေးနေဆဲ။

ပုံပြင်ပမာ အံ့သြဆန်းကြယ်စွာ။ ချစ်ရတဲ့မောင်က သူစွံကြောင်းပြသချင်တာလားလို့ သင်္ကာမကင်းဖြစ်ရအောင်ပင် ထုံးစံမပျက်ဆိုကာ ရည်းစားဟောင်းပေါင်း မြောက်မြားစွာနဲ့ ကျွန်မကို မိတ်ဆက်ပေးတဲ့အခါ။

ဘယ်သူယုံနိုင်မလဲနော်။
မောင့်ချစ်သူဟောင်းတွေဟာ ညီအစ်မအရင်းတွေပမာ ချစ်ခင်ကြည်သာ။ ကျွန်မအပေါ်လည်း လှိုက်လှဲချိုသာ။နှလုံးရည်ချို့တဲ့သူ ကျွန်မမှာသာ မပြုံးနိုင်၊မရယ်နိုင်ဘဲ မောင့်ကို ပွင့်ပွင့်လင်းလင်း စကားဆိုရတော့တာ...

“မောင် နောက်ကောင်မလေးရရင် ကျွန်မနဲ့ လာမိတ်ဆက်မပေးနဲ့နော်။ ကျွန်မက သူတို့လောက် သဘောထားမကြီးဘူး သိလား။”
“ ဟန်ဆောင်မကောင်းရင် မကောင်းဘူးလို့ ပြောပါ ညိုလေးရယ် ”
မောင်က သူ့ထုံးစံအတိုင်း ရယ်မောနေခဲ့တာ။

“ဒီကတိတစ်ခုတော့ ပေးပါမောင်ရယ် ။ ”

အတတ်နိုင်ဆုံးထိန်းသိမ်းထားတဲ့ကြားက အသံဟာ ဆိုးဆိုးရွားရွားနိမ့်ဝင်သွားပါတယ်။
မောင် ကျွန်မကို သနားသွားခဲ့တာများလား။
ယနေ့ထက်တိုင် မောင်က သူ့ကောင်မလေးနဲ့ မိတ်ဆက်မပေးသေးပါ။

ကျေးဇူးတင်ပါတယ် မောင်ရယ်။
ဒါပေမယ့် မောင် ကျွန်မကို အထင်သေးလွန်းပြီ ထင်တယ်။ မောင့်ကောင်မလေးကို ကျွန်မ ကိုယ်ချင်းစာနားလည်ပြီး ချစ်နိုင်ပါတယ်ကွယ်။
ဘယ်လိုပဲ သွင်ပြင်ယုံကြည်ချက်တွေကွဲပြားနေပါစေ .... နှလုံးခုန်သံတူညီကြသူတွေ မဟုတ်လား။ မောင် တစ်ယောက်တည်းကို ချစ်မိသူတွေလေ။

ခက်တာက မိတ်ဆက်ပေးတဲ့အခါမောင့်အပြုံးမှာ ကျွန်မခံနိုင်ရည်ရှိပါ့မလားဆိုတာ သိပ်မသေချာ။
မနှစ်လိုတော့လို့ မဟုတ်ပါဘူး မောင်ရယ်။ ချစ်နေသူဆိုပေမယ့် မစွဲလမ်းသင့်တော့ဘူးပဲလေ။
ကျေးဇူးပြုပြီး မပြုံးပါနဲ့တော့နော်။
တစ်ဘဝစာ ရှင်သန်ရပ်တည်ဖို့ မောင့်အပြုံးတွေကို လုံလုံလောက်လောက် စုဆောင်းခဲ့ပြီးပြီမို့ ငြိမ်းချမ်းစွာပဲ ဆက်လက်ကြေကွဲ နေပါရစေလေ။



( ရိုးရာလေးမပျက်ရအောင် တိုလွန်းတယ်ထင်ကာ ပြန်သိမ်းထားခဲ့တဲ့ မနှစ်က စာလေးကို အနည်းငယ်မွန်းမံကာ ပြန်တင်လိုက်ပါတယ် :P။ ဒီစာလေးဖတ်ပြီးသူများ စိတ်မရှိပါနဲ့ လို့  ဆန္ဒပြုရင်း...=)

မေတ္တာများဖြင့်
မယ်ကိုး


Saturday, October 10, 2009

“ အိမ်မဲ့သူတေး ”



ခံစားချက်တွေကို သိမ်းမြုပ်ထားခြင်းမှာ အလေ့ဖြစ်နေသူ

အိပ်မက်ကို ရှာမတွေ့နိုင်သူ
စိတ်နောက်နေသူ
နောက်ကွယ်မှာ ပြိုလဲနေသူ
ရပ်တည်ရာ မဲ့နေသူ
ယုံကြည်ရာ ပျောက်ရှနေသူ
တင့်တယ်ကျက်သရေ ဝေးကွာလွန်းသူ….

ဒီနာမဝိသေသနတွေက Avril Lavigne ရဲ့ Nobody's Home သီချင်းစာသားလေးတွေကို ကျွန်မ မလှမပ ဘာသာပြန်ထားတဲ့ ဝေါဟာရ အကျိုးအပဲ့လေးတွေပါ။ ဘာသာစကားချို့တဲ့မှူနဲ့ စကားလုံးတွေ လိုရင်းမရောက်ခဲ့ရင် သည်းခံပေးစေချင်ပါတယ်။

ကျွန်မကို ရည်စူးထားသလို ထပ်တူကျလွန်းတာမို့ ပျောက်ဆုံးနေတဲ့အသံတွေကို ဒီသီချင်းလေးကနေ ညည်းချင်းဖွင့်တာ ခွင့်ပြုပေးပါလေ။ နာပျော်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်မှန်တွေသာ တေးလုပ်ဆိုချင်ပေမယ့် ကံနည်းခဲ့သူပါ။
ပကတိအလင်းရောင်မှာပင် နောက်ကျောကို ဓားထိုးခံရတာမို့ ပုံရိပ်ယောင်တွေတောင် ရှောင်ပုန်းချင်ခဲ့တဲ့အခိုက်မို့ ဒီသီချင်းလေးကို စဉ်ဆက်မပြတ်နားထောင်နေခဲ့တာ။



Found at: http://www.filestube.com

ဘယ်သူတွေကြောင့်လို့ မညွှန်းဆိုချင်ပေမယ့် သီချင်းလေးညည်းရခြင်းအကြောင်းရင်းလေးကိုတော့ အမြွက်မျှ ပြောပါရစေလေ။
………………………………………………………………………………………………………………………………………
နိုင်ငံကြီးသားတွေမို့ သမာသမတ်ရှိမယ်ထင်ခဲ့လည်း နောက်ကျောကို ဓားနဲ့ထိုးတဲ့သူတွေ။
ခိုင်းစရာရှိရင် လေသံပျော့ပျော့နဲ့ အောက်ကျို့ပြောတတ်ပြီး တစ်ခုလေးမှားသွားတာနဲ့ မျက်နှာထား တင်းမာသူတွေ။
မာနဆိုတာ ဘာပါလိမ့်လို့ ပြန်မေးရမယ့် အခါလား။
အလုပ်မှာ လေသံမာမာနဲ့ အပြောခံရတဲ့အခါ ထွက်စာပစ်ပေးကာ ခေါင်းမော့ထွက်သွားချင်လည်း မနက်မိုးအလင်းမှာ ဒီအရိပ်အောက်ကိုပဲ မျက်နှာအောက်ချလို့ သွားရပြန်တဲ့အခါ။
…………………………………………………………………………………………………………………………………………
ကျွန်မ ဘာလုပ်သင့်ပါသလဲ။
အထက်လူမျက်နှာကို ရေနဲ့ မပက်နိုင်လို့ ကိုယ့်လက်ကောက်ဝတ်ကိုပဲ ဓားနဲ့လှီးရတော့မှာလား။

ဘယ်လိုသည်းခံရမလဲ။ တံခါးရဲ့ အပြင်ဖက်ကိုပင် မျှော်မကြည့်နိုင်ပေမယ့် အေးခဲမှူတွေ ရနံ့ပြင်းလွန်းတဲ့ ဒီခြံဝင်းထဲက ကျွန်မ ပျံထွက်ချင်လွန်းချင်လည်း ...
ဘယ်အရပ်ကို ဦးတည်ရမှာလဲ။
ပြေးစရာမြေမရှိတဲ့အခါ လဲပြိုသေဆုံးပြီလေ။
ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်ရပ်ဝန်းမှာလဲ။ ဘယ်ရာသီခွင်မှာလဲ။ဘယ်နက္ခတ်အောက်မှာလဲ။

………………………………………………………………………………………..............................................
အိမ်တဲ့လား။

နာကျင်ခါးသီးစွာ ထပ်တူပြုရပါရင် ကျွန်မအတွက်တော့ ရင်ခွဲရုံသာ ဖြစ်ရဲ့။
ကျွန်မ နားမလည်ဘူး။ ကျွန်မရဲ့ အသိဥာဏ်နဲ့ ဝေးကွာလွန်းတယ်။
အတောင်မဲ့သူမှာ အသိုက်လဲမရှိသလို အေးစက်လေထုနဲ့ အချောကိုင်ထားတဲ့ အဲဒီ အထီးကျန်လှောင်အိမ်မှာ ဘယ်သူမှလည်း မရှိဘူး။
…………………………………………………………………………………………………………….........................

အိမ်ပြန်ချင်တယ်။
အိမ်မှာ ဘယ်သူရှိမှာလဲ။
ဘယ်သူမှ အိမ်မှာ မရှိဘူး။

အိမ်ရဲ့ အဝေးမှာ ရှင်သန်နေသူပါ။ တစ်မိုးအောက်မှာ နေသူအချင်းချင်း အကြည့်ချင်းပင် မဆုံဖြစ်တဲ့ နာရီတွေရှိတယ်။ နေကုန်နေခန်း စကားတစ်ခွန်း မဟဖြစ်တဲ့ ရက်စွဲတွေ ရှိတယ်။ မျက်နှာပြင်အကြောလျှော့ဖို့ပင် ဟက်ဟက်ပက်ပက်မရီခဲ့တဲ့ ရက်သတ္တပါတ်တွေ ရှိတယ်။

စိုစွတ်ငါ့မျက်ဝန်းတွေ ခြောက်သွေ့စေဖို့။
ဘယ်ကိုသွားရမှာလဲ။

ဘယ်ကိုမှ မရွေ့နိုင်သူပါ။ လမ်းပျောက်နေသူဟာ ညဉ့်နက်သန်းခေါင် ဘယ်သူမျက်နှာမှမငဲ့ဘဲ စာရေးစာဖတ်နဲ့ လွတ်လပ်လှချည့်ဆိုကာ ရွေးချယ်ခဲ့တဲ့ တစ်ယောက်တည်းအခန်းမှာ ကျုံ့ကျူံ့လေးထိုင်ကာ။

အထီးကျန်ခြင်းဟာ ဆေးဖက်ဝင်တယ်တဲ့။
ကြေကွဲခြင်းတွေ မွှန်းထားတဲ့ အကျဉ်းခန်းလို သေတ္တာဗုံးခွံငယ်ထဲမှာ ဧကစာကျင့်လိုသူပါတဲ့။
ဒါတွေဟာ ကိုယ့်စိတ်ကလေး ပြိုကွဲမသွားအောင် လှည့်ဖြားချက်တွေသာ။

အခုတော့ အလုံပိတ်အခန်းငယ်မှာ ကိုယ့်အရိပ်က ကိုယ့်ကို သွေးလှန့်ချောက်ခြားစေတာ။
ဟိုဒီမလှည့်သာတဲ့
ဒီအခန်လေးဟာ မွန်းကျပ်မှုတွေ အပြည့်အသိပ်နဲ့ နှိပ်စက်ထောင်ပဲရယ်။
တစ်ယောက်တည်းနေ တစ်စိတ်တည်းထား အစရှိတဲ့ တရားစကားလုံးတွေကို မန္တာန်လိုရွတ်နေရင်းကပင် ရက်စက်မှူတွေ ဖိနှိပ်မှုအောက်မှာ မူမမှန်ချင်သလိုဖြစ်လာ။

ကြံခိုင်ရမယ် တဲ့။
အမြင်ဖွင့်ပြီး အကြောင်းရင်းရှာရမယ် တဲ့။

တေးသီချင်းနဲ့လိုက်ညည်းပြီး ကိုယ့်ကိုကိုယ်ဆုံးမပြန်ပေမယ့် အကျွတ်တရားနဲ့ ဝေးကွာလွန်းသူပါ။
ကျွန်မကိုယ် ကျွန်မပဲ လူ့လောကထဲ ရောက်ရှိလာမှုနဲ့ တရားစွဲရမှာလား။
နာကျည်းရလွန်းလို့ ဒဏ်ရာတွေဟာ ပျင်းစရာကောင်းလာတယ်။

…............................
အိမ်ပြန်ချင်တယ်။
အိမ်မှာ ဘယ်သူရှိမှာလဲ။
ဘယ်သူမှ အိမ်မှာ မရှိဘူး။
...............................................

တော်သင့်ပြီ။
အသက်ဓာတ်လေးကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် ဒီသီချင်းကို ဆက်လက် နားမထောင်သင့်၊ မညည်းသင့်တော့မှန်းသိလည်း
ဒီသီချင်းဟာ ကျွန်မရဲ့ သွေးကြောမျှင်တစ်လျှောက် အနည်ကျခဲ့ပြီ။

ဒါပေမယ့် ကျွန်မ မငိုဘူးပဲ။ အပိုင်းအစစ နှလုံးသားအကွဲအကြေတွေနဲ့ ရင်ဘတ်ထဲမှာ အနက်ရောင်ဟင်းလင်းခွင်။ရိုက်ချက်တွေဟာ စူးနက်လွန်းလို့ မျက်ရည်ကို ခမ်းစေတယ်။
ဝဋ်ကြီးသူပါ။ ဘယ်လိုပင် မိုးကြိုးခြွှေလည်း မသေသေးဘူးကွယ့်။

ခရောင်းထက်ကြမ်းတဲ့လမ်းမှာ တမျှော်တခေါ်က အိမ်အရိပ်လေးဆီ မျှော်လင့်လို့ ကျွန်မ ရှေ့ဆက် လျှောက်ပါဦးမယ်။
လမ်းရဲ့ တံခါးဝှက်ကိုပင် မတွေ့မြင်နိုင်သူဟာ ရိုးရာမပျက် ရင်ကွဲတေးလေးကိုညဉ်းရင်းနဲ့ ......


ကြိုဆိုသူမဲ့ ရက်စက်တဲ့မြေပေါ်မှာ
တည်ထားပေမယ့်လည်း ကျွန်မ အိမ်ပြန်ချင်ပါတယ်။...။



ဒီသီချင်းလေးကို ရင်ဖွင့်ညည်းခွင့်ပေးတဲ့ အစ်ကို ဆောင်းယွန်းလ နဲ့ အစ်မ အိန္ဒြာ တို့ကို ကျေးဇူးအထူးတင်ရင်း ကျွန်မရဲ့ “ ချစ်သောသူသို့  အကြောင်းကြားပါသည်... ” စာလေးမှာ “ နေစရာထိုင်စရာအဆင်မပြေဘူးလား ” လို့ စေတနာထားမေးသွားတဲ့ အစ်မမေ အတွက်ပါ ရည်စူးဖြေကြားလိုက်ပါတယ်။


မေတ္တာများဖြင့်
မယ်ကိုး

Wednesday, September 9, 2009

အသင်ရဲ့ မချစ်မနှစ်သက်သော...


ချစ်ညီမလေးဝက်ဝံပိစိလေးရဲ့ တဂ်ပို့စ်တစ်ခုကို ရှောင်လိုက်တော့ နောက်တစ်ခုနဲ့ မျက်နှာချင်းဆိုင်တိုးပါတယ်။ “ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ” တဲ့။ အချက်အလက်တွေက စုံလွန်းတာမို့ တစ်စစီ ဆွဲဖြည်ရရင်ဖြင့် တစ်ထောင့်တစ်ညထက် ကြာသွားနိုင်တာကြောင့် လိုရင်းကိုသာ ဆိုခွင့်တောင်းပါရစေနော်....

အနှစ်ချုပ်ကတော့ တစ်ကြောင်းတည်းပါပဲ။ လူတွေရဲ့ အမြင်လွဲ အမြင်မကြည်ခြင်းကို ခံရတဲ့ ကံပါတယ်လို့ ဇာတာဖွဲ့မှာပင် မှတ်တမ်းပြုခံခဲ့ရတဲ့သူပါ။ “ မျက်နှာမြင် ရိုက်ချင်လိုက်တာ။ အသံကြား ခါးသီးလိုက်တာ” လို့ လူတကာဆိုရသူဟာ ကျွန်မသာ ဖြစ်ပါတယ်။

ငယ်စဉ်အခါမှာတော့ မယုံခဲ့ပါဘူး။ အသက်ကလေးရလာတော့ တိုက်ဆိုင်လွန်းတိုင်း ထိုစာလေးကို သတိရတတ်လာ။နေသာသလို နေချင်ပေမယ့် ထိရှပါများတော့ ကျွန်မ ကြောက်တတ်လာတော့တာ။

မယုံဘူးလား။ ကံ၊ကံရဲ့တရားကို မယုံကြည်ဘူး ဆိုရင် ကျွန်မသက်သေလုပ်ပေးပါရစေ။ အတိတ်ကံနဲ့ လက်ရှိကံလွန်ဆွဲတိုင်း အမြဲတစေလွင့်စင်ပြိုလဲနေသူရယ်။
တကယ်ပါ။ ဒီဘဝကတော့ ဝဋ်ကြွေးတွေနဲ့ ကစားနေခြင်းသာ။ဘယ်တုန်းကမှ မနိုင်ဖူးသေးလည်း မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးနေသူသာ ဖြစ်ပါတယ်။

ဒါပေမယ့် သိမ်ငယ်ခဲ့ပြီ။

ဘယ်လိုခွန်းချိုဆိုရမလဲ။ဘယ်လို ပြုံးရယ်ရမလဲ။ ဘယ်လို တုံ့ပြန်သင့်သလဲ။
ကျွန်မ မသိဘူး။မနေတတ်ဘူး။သရုပ်မဆောင်တတ်ဘူး။ အေးခဲနေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မ မနေရဲဘူး။ အသက်ရှုမဝဘူး။ မျက်နှာမကြည်လင်တော့ဘူး။

ဒီလိုနဲ့ ကိုယ့်မျက်နှာရိပ်ကို ဘယ်လိုထိန်းသိန်းရမှန်းလည်း နားမလည်တော့တဲ့အခါ ကျွန်မရဲ့အရိပ်တမျှင် ကအစ မုန်းချင်စရာဖြစ်လာတယ်။ယိုင်နဲ့နဲ့ အသံဟာ ကြားနာဖို့ ခက်တယ်။ ကျိုးကြည့်ကြောင်ကြည့် အပြုံးတွေကလည်း စိတ်ပျက်ဖွယ် ကောင်းတယ်။


တကယ်ပါ။ ပုံပြင်မဟုတ်ဘူး။ သိုသိုသိပ်သိပ် နာကျင်မှူတွေဟာ ခါးလွန်းလို့ နောက်ကျိသွားပြီ။စူးခဲမှုံမိုက်တဲ့ အထီးကျန်မှုကပဲ ကျွန်မရဲ့ အိမ်ယာဖြစ်လာပြီ။နှလုံးသွေးစိမ်းစိမ်းတွေ အန်ပြီး ပျော်ပျော်ရွှင်ရွှင် သေဆုံးဖို့ အိပ်မက် မက်တတ်ပြီ။
အဆုံးမှာတော့ ချောက်ထဲတွန်းချခံရတဲ့အခါ ကိုယ်တိုင်က အစွန်းတစ်ဖက်မှာ ရပ်နေမိခြင်းကြောင့်လို့ပဲ ဆိုချင်ပါတော့တယ်။ လောကဓံနဲ့ ကျွန်မ ဘယ်အချိန် ကြေအေးမှာလဲ ဆိုတာလည်း မသိချင်တော့ပါဘူးလေ။...။

.....................................................................................................................................

“နားလည်မှူ ကမ်းပါး ”

အငြိုးတလက်လက် ပြာပူမိုးတွေအောက်
ခေါင်းငုံ့ကာ ရပ်နေသူပါ။

ရင်ကွဲနာကျ
အငွေ့ဖြစ်သွားလည်း...
ဟာသ ပဲတဲ့လား။

ရှိပါစေ။

သိမ်ငယ်သူကိုမှု
ပြက်ရယ်ပြုတတ်လည်း
ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။


ဒါပေမယ့်လည်း...
အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။

နတ်ဒေဝါတွေရေ...
မကြားတော့ဘူးလား။

ဘာကြောင့်အခါခါသတ်ချင်ရတာလဲလို့
ခနဲ့မဆိုရက်လည်း မတော်ဘူးထင်တယ်နော်။


ရက်စက်လွန်းလှရဲ့............

“ နားလည်ပါတယ် ” ဆိုတဲ့ စကား
တစ်ခွန်းလေးပါးဖို့

ဒီလောက်တောင် ခက်သလားကွယ်...။




(
၉ရက်၊ ၉လ၊ ၂၀၀၉ မှာ အမှတ်တရတစ်ခုခု ရေးချင်နေတုန်း ချစ်ညီမလေးဝက်ဝံပိစိလေးကြောင့် ဒီစာလေးရေးဖြစ်သွားတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ… )